* တွေ့ဆုံမေးမြန်းမှုတွင် မြန်မာနိုင်ငံအတွင်းမှ ပါဝင်ခဲ့သူများ၏ အမည်များကို လုံခြုံရေးအရ လွှဲပြောင်းဖော်ပြထားပါသည်။
စိမ်းလန်းစွမ်းအင်ကဏ္ဍ အကူးအပြောင်းဖြစ်စဉ်၏ ဗဟိုချက်မ၌ ကြောက်မက်ဖွယ်ရာအမှန်တရားရှိနေသည်ကို Global Witness က ၂၀၂၂ ခုနှစ်တွင် စုံစမ်းဖော်ထုတ် နိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း စည်းကမ်းမဲ့ တူးဖော်နေကြသော သတ္တုတွင်းများသည် ကမ္ဘာတစ်ဝန်းရှိ လျှပ်စစ်ကားများနှင့် လေရဟတ်များတွင် အသုံးပြုသော သံလိုက်များအတွက် မရှိမဖြစ်အရေးပါသည့် ‘လေးလံမြေရှားဒြပ်စင်များ’ (HREE) ၏ အဓိကအရင်းအမြစ် ဖြစ်လာနေပါသည်။
ကမ္ဘာတစ်ဝန်း မြေရှားသတ္တုထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားသော တရုတ်နိုင်ငံသည် ၎င်းတို့၏ တူးဖော်ထုတ်လုပ်မှုအများစုကို မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်။ ယင်းလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများကို ဆိုးရွားစွာ နစ်နာထိခိုက်စေပါသည်။ အဆိုပါသတ္တုတူးဖော်ထုတ်လုပ်မှုအများစုမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်တွင် လုပ်ကိုင်နေခြင်းဖြစ်ပါသည်။ ကချင်ပြည်နယ်မှာ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်မှုအခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာစစ်တပ်အကြား ဆယ်စုနှစ်များစွာတိုင်အောင် စစ်မက်ဖြစ်ပွားနေခဲ့သော ဒေသဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်အာဏာသိမ်းခဲ့သော စစ်အစိုးရသည် ပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြင်းအထန်ဆန့်ကျင်မှုကို ရင်ဆိုင်နေရပြီး နယ်မြေထိန်းချုပ်နိုင်ရေးအတွက် အသည်းအသန် ရုန်းကန်နေရသည်။
ကျွန်ုပ်တို့၏ နောက်ဆုံးအစီရင်ခံစာကို ထုတ်ဝေအပြီး နှစ်နှစ်ကြာချိန်တွင် ဤဒေသအတွင်းက အဆိပ်သင့်သတ္တုတူးဖော်မှု အခြေအနေများကို တဖန်လေ့လာခဲ့ပါသည်။
ကုန်သွယ်မှုဆိုင်ရာ အချက်အလက်အသစ်များ၊ ဂြိုဟ်တုပုံရိပ်သစ်များနှင့် ဒေသလူမှုအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော ဇာတ်လမ်းများက ဖော်ပြနေသည်မှာ ကမ္ဘာကြီးသည် မြန်မာနိုင်ငံအတွင်းက ဝေးလံခေါင်ဖျားသည့် ဤဒေသအပေါ် ပိုမိုမှီခိုလာနေသည်ဟူသည့် အချက်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒေသခံလူထုအပေါ်သက်ရောက်သော အကျိုးဆက်များမှာလည်း ကြီးမားဆိုးရွားလာခဲ့သည်။ ဒေသအတွင်းက သတ္တုတွင်းလုပ်သားများနှင့် ရပ်ရွာလူထုအား တွေ့ဆုံမေးမြန်းချက်များအရ လုပ်သားများ၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသရှိလူမှုအသိုင်းအဝိုင်းများမှာ ပျက်စီးကိန်းဆိုက်နေပါသည်။
“ရေထဲမှာ ငါးမရှိတော့ဘူး။ ရေထဲကို ခြေချမိရင် ယားတာ၊ ပိုးဝင်တာတွေ ဖြစ်တယ်။ ရေသောက်မိတဲ့ တိရစ္ဆာန်တွေ သေတာပဲ” ဟု ချီဖွေမြို့ ဒေသခံတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုအောက်ဆိုက်ဒ် တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ ဖြင့် အများဆုံးရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်အထိ တဟုန်ထိုး မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါပမာဏသည် တရုတ်နိုင်ငံ၏ ပြည်တွင်း HREE တူးဖော်ထုတ်လုပ်မှုခွဲတမ်းထက် နှစ်ဆကျော်ဖြစ်သည်။ ထိုကာလအတွင်း အခြားအရင်းအမြစ်များမှာလည်း အနည်းအကျဉ်းသာရှိိသည်ဖြစ်ရာ မြန်မာနိုင်ငံသည် HREE ထုတ်လုပ်မှုကဏ္ဍအတွက် တစ်ခုတည်းသော အကြီးမားဆုံးအရင်းအမြစ်အဖြစ် ပိုမိုခိုင်မြဲစွာ ရှိနေခဲ့သည်။
အဆိုပါသတ္တုများကို ဝယ်လိုအားမြင့်မားမှုက မြေပြင်အခြေနေကို ပိုပြီးပျက်စီးဆိုးရွားအောင် တွန်းအားပေးနေကြောင်း Global Witness က ခွဲခြမ်းစိတ်ဖြာသုံးသပ်ခဲ့သော နောက်ဆုံးရ ဂြိုဟ်တုပုံရိပ်များက ဖော်ပြနေပါသည်။ ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရ၏ မဟာမိတ်ပြည်သူစစ်အဖွဲ့များ ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် အထူးဒေသ-၁ တွင် သတ္တုတူးဖော်ရေးလုပ်ငန်း နေရာအရေအတွက် ၄၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ တိုးချဲ့မှုများသည် နယ်စပ် ပန်ဝါမြို့မှ ချီဖွေမြို့အထိ ကျယ်ပြန့်လာသည်။ အလားတူပင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ထိန်းချုပ်ထားသော မိုးမောက်မြို့နယ်တွင်လည်း အဆိုပါသတ္တုတူးဖော်ရေးလုပ်ငန်းများ တဟုန်ထိုး တိုးပွားလာခဲ့ကြောင်း တွေ့မြင်ရသည်။ KIO မှာ နိုင်ငံရေးဆိုင်ရာအခွင့်အရေးအတွက် မြန်မာစစ်တပ်ကို တိုက်ခိုက်လျက်ရှိသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကချင်လူထု၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသည့် အဖွဲ့အစည်းဖြစ်သည်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်သွင်းမှု ၂၀၂၃ ခုနှစ်တွင် စံချိန်တင် လေးလံမြေရှားသတ္တုအောက်ဆိုက်ဒ်တန်ပေါင်း
မှတ်ချက် - လေးလံမြေရှားသတ္တုအောက်ဆိုက်ဒ်များအတွက် အသုံးပြုသော HS ကုဒ်အမှတ်မှာ ၂၈၄၆၉၀၁၉ ဖြစ်သည်။ အမျိုးအစားနိမ့် ဒြပ်ပေါင်းများနှင့် ကာဗွန်နိတ်များကိုလည်း ကုဒ်အမှတ် ၂၈၄၆၉၀၉၉ နှင့် ၂၈၄၆၉၀၄၈ တို့ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းခဲ့ဖူးသည်။
မြန်မာနိုင်ငံ၏ အကျိုးအမြတ်ကြီးမားလှသည့် HREE ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုး ရှိခဲ့ပြီး ယင်းက မတည်ငြိမ်မှုများရှိနေသော ဤဒေသကို ပဋိပက္ခနှင့် ပျက်စီးခြင်းများဖြစ်စေရန် ငွေကြေးထောက်ပံ့ရာရောက်သည့် အန္တရာယ်ဖြစ်စေပါသည်။
၂၀၁၈ ခုနှစ်တွင် အရပ်သားအစိုးက မြေရှားသတ္တုတင်ပို့မှုများကို တားမြစ်ခဲ့သည့်အပြင် သတ္တုတူးဖော်မှုလုပ်ငန်းများကို တဖြည်းဖြည်းလျှော့ချပိတ်သိမ်းရန် တရုတ်လုပ်ငန်းရှင်များကို ညွှန်ကြားခဲ့သည်။ သို့သော် တူးဖော်မှုများသည် ၂၀၂၁ ခုနှစ်တွင်ပေါ်ပေါက်ခဲ့အသော ရက်စက်သည့်စစ်အာဏာရှင်စနစ်နှင့်အတူ ဆက်လက်ရှိနေခဲ့ပြီး ပြည်တွင်းပဋိပက္ခများလည်း ပို၍ကျယ်ပြန့်လာခဲ့ပါသည်။ မြေရှားတူးဖော်မှုအများစုသည် တရားဝင်မှု လုံးဝမရှိဘဲ အာဏာသိမ်းစစ်တပ်နှင့် မဟာမိတ်ပြုထားသော ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး တူးဖော်မှုများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်ပတ်သက်သော စည်းမျဉ်းများကိုလည်း တစ်စုံတစ်ရာပြဋ္ဌာန်းထားခြင်းမရှိကြောင်း ကချင်ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
ကချင်ပြည်နယ်တွင် လူထုထောက်ခံအသိအမှတ်ပြုခံထားရသည့် တရားဝင်အစိုးရတစ်ရပ်အဖြစ် စီမံဆောင်ရွက်နေသော KIO ကို ဤဆောင်းပါးအတွက် Global Witness က ဆက်သွယ်ခဲ့ရာတွင် ၎င်းတို့အနေနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် မြေရှားသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်ပြီး ‘တင်းကျပ်သည့် စည်းမျဉ်းများ’ ကို ချမှတ်ထားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့တိုင် ၎င်းတို့အနေနှင့် KIO က ချမှတ်ထားသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုင်ရာ မည်သည့်စည်းမျဉ်းဥပဒေကိုမျှ သိရှိမနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များက Global Witness သို့ ပြောဆိုသည်။
ဤသို့ဖြင့် ဘက်နှစ်ဖက်စလုံးက စည်းကမ်းဥပဒေမဲ့စွာနှင့် ပမာဏကြီးမားစွာ လုပ်ကိုင်နေသော သတ္တုတူးဖော်မှုများသည် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေလျက်ရှိသည့်အပြင် ဂေဟစနစ်များနှင့် လူသားများ၏ ကျန်းမာရေးအပေါ် ခြိမ်းခြောက်နေမှုမှာလည်း အရေးပေါ်အခြေအနေသို့ပင် ရောက်ရှိလာနေသည်။
***
လောင်ကျွမ်းစေသော ဓာတုပစ္စည်းများနှင့် အဆိပ်သင့် စမ်းချောင်းများ
ဘရန်သည် ကချင်အထူးဒေသ-၁၊ ပန်ဝါမြို့အနီးရှိ သတ္တုတွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်သည်။ သူသည် စုဆောင်းရေးကန်များအတွင်းသို့ အက်ဆစ်အိတ်များကို ဆွဲချရသည်။ ထို့အပြင် ကန်ရေကို တုတ်ဖြင့် မွှေပေးရသည်။ သူ့အတွက် အကာအကွယ်ပစ္စည်းအဖြစ် မိုးကာအင်္ကျီနှင့် လက်အိတ်တို့ကိုသာ ဝတ်ဆင်ရသည်။ လက်ကို ဓာတုပစ္စည်းလောင်ကျွမ်းခြင်းမှ ကာကွယ်ရန် တစ်ခါတစ်ရံတွင် ပလတ်စတစ်အိတ်များကို အသုံးပြုသည်။
“ပါးစပ်ထဲကို ဝင်ရင် အဲဒါကို စားမိသလို ခံစားရတယ်” ဟု သူကဆိုသည်။ “ဘက်ထရီအက်ဆစ်လို ချဉ်ချဉ်စူးစူး အရသာရှိတယ်။ Mask တပ်ထားရင်တောင် လည်ချောင်းတွေ စပ်ပြီး ချောင်းအရမ်းဆိုးတယ်”
သူသည် အောက်စလစ်အက်ဆစ်ဟုခေါ်သည့် အဆိပ်ရှိသော ဓာတုပစ္စည်းတစ်မျိုးနှင့်အတူ အလုပ်လုပ်ရခြင်းဖြစ်သည်။ အောက်စလစ်အက်ဆစ်ကို မြေရှားသတ္တုများ သန့်စင်ခွဲထုတ်ရာတွင် အသုံးပြုသည်။ ထုတ်ယူမှုလုပ်ငန်းစဉ်မှာ ဤသို့ဖြစ်သည်။ ကွန်ရက်သဖွယ်သွယ်တန်းထားသောပိုက်များမှတဆင့် အမိုနီယံဆာလဖိတ်ကို ကန်များ၏ အထက်ပိုင်းတွင်ရှိသော တောင်နံရံရှိမြေကြီးအတွင်းသို့ ထိုးသွင်းသည်။ ယင်းနောက် အောက်သို့ စီးဆင်းသွားသည့် ပျော်ရည်များနှင့်အတူ မြေရှားသတ္တုများ ရောပါစီးဝင်သွားပြီး ကန်များအတွင်းတွင် စုဆောင်းရရှိသည်။ အောက်စလစ်အက်ဆစ်ကိုအသုံးပြုကာ ထိုပျော်ရည်များထဲမှ မြေရှားသတ္တုကို ခွဲထုတ်ယူခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းနည်းစနစ်သည် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်ကြီးမားသောဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။
‘သတ္တုများကို မူလနေရာတွင် အရည်ဖျော်စစ်ထုတ်ခြင်း’ဟုခေါ်သည့် ဤနည်းစနစ်မှာ တရုတ်နိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်များအတွင်း စတင်ထွန်းကားခဲ့ခြင်းဖြစ်သည်။ ယင်းနည်းစနစ်က ချောင်းများနှင့် လယ်ယာမြေများကို ညစ်ညမ်းစေသည့်အပြင် သဘာဝပေါက်ပင်များကိုလည်း ပျက်စီးစေကြောင်း အစီရင်ခံမှုများ များစွာရှိသည်။
အဆိုပါ ‘သတ္တုများကို မူလနေရာတွင် အရည်ဖျော်စစ်ထုတ်ခြင်း’နည်းစနစ်ကို တရုတ်နိုင်ငံတွင် ဆက်လက် ခွင့်ပြုထားဆဲဖြစ်သော်လည်း တရားဝင်ထုတ်လုပ်မှုခွဲတမ်း၊ တင်းကျပ်သည့် စံချိန်စံညွှန်းများနှင့် အက်ဆစ်ယိုစိမ့်မှုများမှ ကာကွယ်သည့် အစီအမံများပါဝင်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်တို့ဖြင့် ထိန်းချုပ် ထားသည်။
မြန်မာနိုင်ငံတွင်မူ ထိုသို့သော စည်းမျဉ်းစည်းကမ်းမျိုးကို တစ်စုံတစ်ရာ မတွေ့ရပေ။ ယင်းအစား HREE တူးဖော်ထုတ်လုပ်ရေးကိုသာ အာရုံစိုက်နေကြသည်။ တူးဖော်ရေးလုပ်ငန်းအသစ်များကို မြန်မြန်ဆန်ဆန် ချဲ့ထွင်လာကြပြီး အများအပြား တူးဖော်ထုတ်လုပ်နိုင်ရေးအတွက် ဓာတုပစ္စည်းများကို အမြောက်အမြား အသုံးပြုနေကြသည်။ အဆိုပါဓာတုပစ္စည်းများ၏ အများစုမှာ တရုတ်နိုင်ငံမှပင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ အမိုနီယံဆာလဖိတ် တင်သွင်းမှု ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၉၃,၀၀၀ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၄ သန်း တင်သွင်းခဲ့သည်။ အလားတူပင် အောက်စလစ်အက်ဆစ်တန်ချိန် တွင်သွင်းမှု ၂၀၁၅ ခုနှစ်တွင် ၃၄၂ တန်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၇၄,၀၀၀ အထိ တင်သွင်းခဲ့သည်။
လယ်ကွင်းတွေထဲမှာ ဘာမှစိုက်လို့မရတော့ဘူး။ ချောင်းတွေထဲမှာလည်း ငါးဖမ်းလို့မရတော့ဘူး။ အဲဒီရေကို သောက်မိတဲ့ တိရစ္ဆာန်တွေအများကြီးလည်း သေကုန်ပြီ - ဘရန်သည်
အကျိုးဆက်များကို အလုပ်သမားများနှင့် ဒေသခံပြည်သူများက ခံစားကြရသည်။ အဆိုပါဒေသတစ်ဝန်းရှိ သတ္တုတွင်းလုပ်သားများသည် ချောင်းဆိုးခြင်း၊ ထုံကျဉ်ခြင်း၊ အရေပြားရောဂါနှင့် ကျောက်ကပ်ဆိုင်ရာပြဿနာများကို ကြုံတွေ့ကြရသည်။ ယင်းတို့မှာ သတ္တုတွင်းများတွင် အသုံးပြုသော ဓာတုပစ္စည်းရောစပ်မှုများကြောင့်ဖြစ်သည့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များဖြစ်သည်ဟု နားလည်ကြသည်။
ထိုလုပ်ငန်းခွင်များမှ အလုပ်ထွက်လာခဲ့ပြီး များမကြာမီ သေဆုံးသွားခဲ့ကြသော သတ္တုတွင်းလုပ်သားနှစ်ဦး၏ ဇနီးနှင့် မိခင်တို့အား Global Witness က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အဆိုပါ လုပ်သားနှစ်ဦးစလုံးသည် ကိုယ်တွင်းအင်္ဂါများ ပေါက်ပြဲခြင်းနှင့် ဝမ်းဗိုက်တွင် ရေအိတ်တည်ခြင်းတို့အပါအဝင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သည့်ဝေဒနာများကို မသေဆုံးမီက ခံစားခဲ့ကြရသည်။ ရောဂါရှာဖွေစစ်ဆေးခြင်း မလုပ်ဆောင်နိုင်ခဲ့သော်လည်း ၎င်းတို့၏ သေဆုံးမှုသည် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကြောင့်ဖြစ်သည်ဟု မိသားစုဝင်များက ယုံကြည်ကြသည်။ တစ်ဦးမှာ မကြာသေးမီကမှ အိမ်ထောင်ကျထားသည့် ဖခင်တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာမူ ၁၅ နှစ်အရွယ် ယောက်ျားလေးဖြစ်သည်။
“သူ့ကိုယ်တွင်းကလီစာတွေ ပုပ်ကုန်တာ” ဟု ကွယ်လွန်သူသတ္တုတွင်းလုပ်သား၏ ဇနီး၊ မုဆိုးမက ဆိုသည်။ “(ဒီလိုအန္တရာယ်တွေ) ရှင်းပြခဲ့ရင်တော့ ဘယ်သူက အဲဒီမှာ အလုပ်သွားလုပ်မှာလဲ”
အဆိုပါ အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများသည် ဒေသအတွင်းက ချောင်းများအတွင်းသို့ စီးဝင်လျက်ရှိသည်။ ယင်းချောင်းများမှာ တစ်ချိန်က ဒေသခံပြည်သူများ ငါးဖမ်းခဲ့သော၊ သောက်သုံးရေ ခပ်ခဲ့သော ချောင်းများ ဖြစ်သည်။ Global Witness က မကြာသေးမီကကြည့်ရှုခဲ့သည့် ရေနမူနာအချက်အလက်များအရ ကချင်အထူးဒေသ-၁ ရှိ ချောင်းအများအပြားတွင် အက်ဆစ်ဓာတ်ပါဝင်မှု အလွန်များပြားလျက်ရှိပြီး အာဆင်းနစ်ပမာဏ မြင့်မားနေသည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာ နယ်မြေ၊ အရှေ့တောင်အာရှတိုက်မကြီးရှိ အဓိကသစ်တောများ၏ အကြီးမားဆုံးကျန်နေသေးသော နေရာ၊ အခြားမည်သည့်နေရာတွင်မျှ မရှိသော တစ်မူထူးခြားသည့် မျိုးစိတ်ပေါင်း ၁,၅၀၀ ခန့်တို့၏ ဌာနေ၊ ထိုသို့သော ဝိသေသဂုဏ်များရှိသည့် ဒေသကို ပျက်သုဉ်းသွားအောင် အဆိုပါညစ်ညမ်းရေတို့က ခြိမ်းခြောက်နေပါသည်။
“အားလုံးပျက်စီးကုန်ပြီ” ဟု ဘရန်က ဆိုသည်။ “လယ်ကွင်းတွေထဲမှာ ဘာမှစိုက်လို့မရတော့ဘူး။ ချောင်းတွေထဲမှာလည်း ငါးဖမ်းလို့မရတော့ဘူး။ အဲဒီရေကို သောက်မိတဲ့ တိရစ္ဆာန်တွေအများကြီးလည်း သေကုန်ပြီ”
မြေရှားသတ္တုဝယ်လိုအားများ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ကြီးထွားလာသည်နှင့်အတူ အကြီးအကျယ် ပျက်သုဉ်းမှုများကလည်း ပိုမိုကျယ်ပြန့်လာနေပါသည်။
***
ကချင်ပြည်နယ်တစ်ဝန်းတွင် ပျံ့နှံ့လျက်ရှိသည့် မြေရှားသတ္တုအရည်ဖျော်စစ်ထုတ်ယူမှုများ
မြန်မာစစ်တပ်၏သစ္စာခံ ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ထားသော ကချင်အထူးဒေသ-၁ တွင် HREE တူးဖော်မှုများ တဟုန်ထိုး တိုးပွားလာခဲ့ခြင်းကို Global Witness အနေနှင့် ယခင်ကပင် မှတ်တမ်းတင်ခဲ့ပါသည်။ ယခုအခါတွင် အဆိုပါဒေသရှိ တူးဖော်ရေးလုပ်ကွက်များ၏ အရေအတွက်သည် ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း ၃၀၀ ကျော်အထိ ခုန်တက်သွားခဲ့သည်ကို ဂြိုဟ်တုပုံရိပ်များအရ သိရပါသည်။ ထိုပမာဏမှာ ၄၀ ရာခိုင်နှုန်းကျော် တိုးပွားလားခဲ့ခြင်းဖြစ်သည်။ နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့ဝန်းကျင် အနှံ့အပြားတွင် အဆိုပါသတ္တုတွင်းများ ရှိနေသည်။ ယခုအခါတွင် တူးဖော်ရေးလုပ်ကွက်များသည် ချီဖွေမြို့သို့ အလျင်အမြန် ချင်းနင်းဝင်ရောက်နေသည်။ ချီဖွေမြို့သည် တစ်ချိန်က သစ်ခွပန်းများနှင့် တောရိုင်းတိရစ္ဆာန်များ ပေါကြွယ်ဝခဲ့သည်။ ချီဖွေချောင်းကမ်းပါးတလျှောက်ရှိခဲ့သော စပါးခင်းနှင့် ပိန်းဥစိုက်ခင်းငယ်များမှာ ဒေသခံများအတွက် အမှတ်ရစရာများ ဖြစ်သည်။
“အခုတော့ ရေတွေလည်း နောက်ကုန်ပြီး သတ္တုအနံ့ထွက်နေပြီ” ဟု ဒေသခံလူမှုအသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ နောနော်* က ဆိုသည်။ “မြစ်ကမ်းဘေးနားက အိမ်တွေကတော့ အနံ့မခံနိုင်လို့ ပြောင်းသွားကြပြီ”
ထိုသို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးနှင့်အတူ လူမှုရေးဆိုင်ရာပြဿနာများလည်း မြင့်တက်လာခဲ့ပါသည်။ ဒေသခံအမျိုးသားများအကြားတွင် မူးယစ်ဆေးသုံးစွဲမှုနှင့်အတူ အကြမ်းဖက်မှုနှင့် အငယ်စားရာဇဝတ်မှုများ တိုးပွားလာခဲ့သည်။ လူသုံးကုန်အခြေခံကုစ္စည်းစျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ဆယ်ကျော်သက် ယောက်ျားလေးများသည် သတ္တုတွင်းများတွင် အလုပ်ရှာဖွေရန် ကျောင်းထွက်နေကြသည်။ အမျိုးသမီးငယ်များကိုလည်း တရုတ်လုပ်သားများအတွက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အိမ်အကူဝန်ဆောင်မှုများ ပေးအပ်ရန် လူမှုကွန်ရက်ကြော်ငြာများမှတစ်ဆင့် ခေါ်ယူနေသည်။ အဆိုပါတရုတ်လုပ်သားများမှာ သတ္တုတွင်းများတွင် ရာထူးကောင်းပြီး ဝင်ငွေမြင့်မားသူများဖြစ်ကြသည်။
“လူတွေ ဒီကိုမလာကြစေချင်ဘူး။ ဘဝပျက်သွားလိမ့်မယ်။ ယောက်ျားလေးတွေဆို ဆေးစွဲပြီး သေမယ်။ မိန်းကလေးတွေဆိုရင်တော့ အပျော်မယ် ဖြစ်သွားမယ်” ဟု သတ္တုတွင်းလုပ်သားဟောင်းတစ်ဦးက ဆိုသည်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းကို ဝင်ငွေရလမ်းကောင်းသည့် အလုပ်တစ်ခုဟု တစ်ချိန်က သူ ရှုမြင်ခဲ့သည်။ “အခုတော့ ကျွန်တော့်အိပ်မက်တွေ အကုန်ကျေမွသွားခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။
သတ္တူးဖော်မည့် တရုတ်ကုမ္ပဏီများ မြေယာရယူလုပ်ကိုင်ရလွယ်ကူစေရန် အကျပ်ကိုင်ခြင်းဖြင့် တစ်ဖုံ၊ ငွေပေးစည်းရုံးခြင်းဖြင့် တစ်မျိုး စသည့်နည်းလမ်းအသွယ်သွယ်ကို ပြည်သူ့စစ်များက ရောနှောအသုံးပြုခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုသည်။ တစ်ခါတစ်ရံတွင် ရပ်ရွာအကြီးအကဲများနှင့် လက်ဝါးချင်းရိုက်ကြသည်ဟု ဆိုသည်။ အဆိုပါ ရပ်ရွာအကြီးအကဲများမှာ ဒေသခံပြည်သူများအား တိုင်ပင်လေ့ရှိသူ၊ နစ်နာကြေးပေးလေ့ရှိသူများ မဟုတ်ကြပေ။ “တောင်တွေကို ရောင်းသွားတဲ့သူတွေကတော့ ချမ်းသာသွားကြတာပေါ့” ဟု ဘရန်က ဆိုသည်။ “ဒုက္ခရောက်ကြပြီဆိုတဲ့အခါ သူတို့က ရှောင်သွားပြီလေ”
“ရောင်းစရာ (တောင်တွေ)လည်း ဘာမှမကျန်တော့ပါဘူး” ဟု ၎င်းက ထပ်ဆောင်းပြောကြားသည်။ ဒေသအတွင်း မရောင်းချရသေးဘဲ ကျန်နေသည်များမှာ ကျောက်သားထူထပ်ပြီး သတ္တုတူးဖော်ရန် ခက်ခဲသော နေရာများသာဖြစ်သည်ဟု သူက ရှင်းပြသည်။ အဆိုပါအမြင်မှာ ၂၀၂၄ ခုနှစ် အစောပိုင်းက တရုတ်နိုင်ငံ၏ Huafu Securities ကဲ့သို့သော အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များ၏ ဖော်ပြချက်နှင့်လည်း ကိုက်ညီသည်။ ‘နှစ်ပေါင်းများစွာ စည်းကမ်းမဲ့တူးဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် (မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့မှုများ၏) သတ္တုအရည်အသွေးသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ကြောင်း’ ၎င်းပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
ပန်ဝါဒေသရှိ မြေရှားသတ္တုရတနာပုံကြီး ကုန်လုနီးပါးဖြစ်လာသည့်အခါ ကချင်ပြည်နယ်၏ နောက်ထပ်အစိတ်အပိုင်းများကိုပါ မျက်စောင်းထိုးလာကြပြီဖြစ်သည်။
Global Witness က ခွဲခြမ်းစိတ်ဖြာခဲ့သည့် ဂြိုဟ်တုပုံရိပ်များအရ မြေရှားသတ္တုတွင်းများသည် တောင်ဘက် မိုင် ၁၀၀ အကွာရှိ မိုးမောက်မြို့နယ်အတွင်း၌လည်း အရှိန်အဟုန်ဖြင့် တိုးပွားလာလျက်ရှိကြောင်း တွေ့ရသည်။ မိုးမောက်မြိို့နယ်သည် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၏ ထိန်းချုပ်နယ်မြေဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အဆိုပါဒေသ၌ တူးဖော်ရေးလုပ်ငန်းခွင် ကိုးခုသာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်အကုန်တွင်မူ ၄၀ ကျော်အထိ တိုးပွားလာခဲ့သည်။
အဆိုပါအခြေအနေသည် စစ်တပ်၏မဟာမိတ် ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ထားသော ကချင်အထူးဒေသ-၁ နှင့် နှိုင်းယှဉ်ပါက KIO ထိန်းချုပ်ဒေသတွင် အရေအတွက်အားဖြင့် နည်းပါးနေသေးသော်လည်း နောက်ဆက်တွဲသက်ရောက်မှုများကမူ အလားတူပင် ဖြစ်သည်။ ကျန်းမာရေးပြဿနာများနှင့်အတူ မူးယစ်ဆေးစွဲခြင်း၊ သတ္တုတွင်းများ တိုးပွားလာခြင်းနှင့်ဆက်စပ်နေသော လိင်လုပ်ငန်းများ များပြားလာခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ပြည်သူ့စစ်အဖွဲ့များနှင့် ကွဲပြားသည့်အချက်မှာ KIO သည် ဒေသတွင်း ပြည်သူ့ထောက်ခံအသိအမှတ်ပြုမှု အထိုက်အလျောက်ကြီးမားပြီး ၎င်းတို့၏ ဂုဏ်သတင်းကို ဂရုစိုက်သော အရေးပါသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်နေခြင်းပင် ဖြစ်သည်။ သို့သော်လည်း သတ္တုတူးဖော်ခြင်းမှ ရရှိမည့် ဝင်ငွေများသည် သတ္တုတွင်းများကို တိုးချဲ့ရန် တွန်းအားဖြစ်စေသည်ကိုမူ အထင်အရှား တွေ့မြင်ရသည်။
တောင်ဘက်ရှိ မန်စီမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့ရန် KIO က စီစဉ်နေသည်ကို ဒေသ၏ လူမှုအသိုင်းအဝိုင်းများက ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း Frontier Myanmar သတင်းဌာနက ၂၀၂၃ ခုနှစ် မေလတွင် ရေးသားဖော်ပြခဲ့သည်။ နောက်ဆုံးတွင် KIO သည် အစီအစဉ်ကို ရုပ်သိမ်းကာ စီမံကိန်းကို စွန့်လွှတ်ခဲ့သော်လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတ္တုတူးဖော်ခြင်းမှရရှိသော ဝင်ငွေများကို စစ်အာဏာရှင်တော်လှန်ရေးအတွက် ထောက်ပံ့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါဒေသသည် ပဋိပက္ခများဖြစ်ပွားနေသော ဒေသတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းတွင် KIO ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KIO သည် ပန်ဝါမြို့၏ မြောက်ဘက် ၁၅ မိုင်အကွာတွင်ရှိသော ဖရဲရှိ မြေရှားသတ္တုတွင်း လုပ်ကွက်ငယ်များအပါအဝင် ကချင်ပြည်နယ်၏ အခြားသော ဒေသများကိုလည်း ထိန်းချုပ်ထားသည်။
မှတ်ချက်ပေးရန်အတွက် KIO အား Global Witness က ဆက်သွယ်ခဲ့ရာ ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများအတွင်း မြေရှားသတ္တုတူးဖော်ခြင်းကို ၂၀၂၁ ခုနှစ်၌ စတင်ခဲ့ပြီး လက်ရှိတွင် မုန်ခါခရိုင်(မိုးမောက်မြို့နယ်တည်ရှိရာ) တွင်သာ တူးဖော်ရန် ကန့်သတ်ထားသည်ဟု ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက တူးဖော်ခြင်းကို ရပ်တန့်သည်၊ ဒေသခံပြည်သူများ၏ သဘောတူညီချက်ဖြင့်သာ တူးဖော်သည်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခြင်းမရှိစေရန် KIO အနေနှင့် (မြေရှားသတ္တု) တူးဖော်ရေးကုမ္ပဏီများအား တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ထားသည်ဟု ဆိုသည်။ ထို့အပြင် “(မြေရှားသတ္တု)တူးဖော်မှုမှ ရရှိသည့် ဝင်ငွေကို KIO ၏ ဝင်ငွေအဖြစ် မသတ်မှတ်ဘဲ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် သတ်သတ်ထားရှိကာ ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့အတွက် အသုံးပြုမည်ဖြစ်သည်” ဟုလည်း ထပ်ဆောင်းပြောကြားသည်။
နိုင်ငံတကာပဋိပက္ခများလေ့လာရေးအဖွဲ့(International Crisis Group) မှ မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချက်ဟိုဆေး(Richard Horsey) က ပဋိပက္ခတွင်ပါဝင်နေသော ဘက်နှစ်ဖက်စလုံးအနေနှင့် HREE ၏ အလားအလာကို အရေးပါသည့် ဝင်ငွေလမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ကြသည်ဟု ဆိုသည်။ HREE တူးဖော်ခြင်းသည် “မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသော လက်နက်ကိုင်အဖွဲ့ငယ်တစ်ခုအတွက် ကြီးမားသည့် ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သည်” ဟု ၎င်းက ဆိုသည်။ သူပြောသည့် လက်နက်ကိုင်အဖွဲ့ငယ်တစ်ခုဆိုသည်က ကချင်ပြည်နယ်အထူးဒေသ-၁ ကို ထိန်းချုပ်ထားသည့် ပြည်သူ့စစ်အဖွဲ့ကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် “မြေရှားသတ္တုတွင်းများမှ ရရှိမည့်ဝင်ငွေကို တွေ့မြင်နေရသည့်အတွက် KIO သည်လည်း ကိုယ်ပိုင်မြေရှားသတ္တုတွင်းများ ဖော်ဆောင်ရန် ကျိန်းသေပေါက် စိတ်ဝင်စားနေသည်။ ၎င်းတို့အနေနှင့် ထိုဝင်ငွေကို လက်လွှတ်ခံမည်မဟုတ်” ဟုလည်း ဟိုဆေးက ပြောသည်။
မြေရှားသတ္တုများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် - ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးလမ်းကြောင်း
လျှပ်စစ်မော်တော်ယာဉ်(EV)များနှင့် လေရဟတ်များတွင် အများအားဖြင့်အသုံးပြုသော အမြဲတမ်းသံလိုက်များအတွက် ဝယ်လိုအားသည် ကချင်ပြည်နယ်တစ်ဝန်း မြေရှားသတ္တုတူးဖော်မှုကို တဟုန်ထိုး တိုးပွားစေလျက်ရှိသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် HREE အများစုသည် တရုတ်နိုင်ငံရှိ မြေရှားသတ္တုသန့်စင်ရေးစက်ရုံများသို့ ရောက်ရှိသည်။ ယင်းမှတစ်ဆင့် သံလိုက်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ထိုမှ လျှပ်စစ်မော်တော်ယာဉ်နှင့် လေရဟတ်ကုမ္ပဏီများထံ အဆင့်ဆင့်ရောက်ရှိခြင်း ဖြစ်သည်။ ၎င်းတို့အနက် တချို့မှာ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်ကြသည်။
“အနောက်နိုင်ငံများ၏ နာမည်ကြီးအမှတ်တံဆိပ်များစွာတို့က ထုတ်လုပ်သော လျှပ်စစ်မော်တော်ယာဉ်များတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လေးလံမြေရှားသတ္တုများ အသုံးမပြုဘဲ မဖြစ်နိုင်သလောက်ပင်” ဟု နယ်ပယ်ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ Project Blue အတိုင်ပင်ခံလုပ်ငန်း၏ သုတေသနဒါရိုက်တာလည်းဖြစ်သည့် ဒေးဗစ်မယ်ရီမန်(David Merriman) က ပြောဆိုသည်။
မြေရှားသတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်းတို့အား တရုတ်နိုင်ငံတွင် တရားဝင်ခွဲတမ်းပမာဏတစ်ခုဖြင့် တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ကုမ္ပဏီများပေါင်းစည်းခြင်းကို ကာလတစ်ခုကြာ လုပ်ဆောင်ပြီးနောက် အဆိုပါ ခွဲတမ်းပမာဏကို လက်ရှိတွင် အစိုးရပိုင်ကုမ္ပဏီနှစ်ခုဖြစ်သော China Northern Rare Earths Group နှင့် China Rare Earths Group (REGCC) တို့အား ပေးအပ်ထားသည်။ REGCC ကို ယခင်ရှိပြီးသား တရုတ်မြေရှားသတ္တုကုမ္ပဏီများကို ပေါင်းစည်းကာ တည်ထောင်ထားခြင်းဖြစ်သည်။ ၎င်းတို့ထဲက အနည်းဆုံး တစ်ခုသည် မြန်မာနိုင်ငံမှ HREE ဝယ်ယူကြောင်း ထုတ်ဖော်ခဲ့ဖူးသည်။
တရုတ်အာဏာပိုင်များက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သော နောက်ထပ်စာရွက်စာတမ်းများ၌ လောင်လင်း(Longling) နှင့် ကျင်းဟွာ(Jianghua)တို့ရှိ REGCC လက်အောက်ခံကုမ္ပဏီများပိုင် စက်ရုံများတွင် မြန်မာနိုင်ငံမှတင်သွင်းသော မြေရှားသတ္တုများကို အဓိကအားထားသည့် အစီအစဉ်များကို ချမှတ်ထားသည်။
မှတ်ချက်ပေးရန်တွက် REGCC ကို Global Witness က ဆက်သွယ်ခဲ့ရာတွင် ကုမ္ပဏီအနေနှင့် ‘ESG(သဘာဝပတ်ဝန်းကျင်နှင့် လူမှုကဏ္ဍအတွက် တာဝန်ယူသော စီမံခန့်ခွဲမှု)နှင့် ထုတ်လုပ်ရေးလမ်းကြောင်း စီမံခန့်ခွဲမှုတို့ကို အထူးအလေးပေးသည်’၊ ထို့အပြင် ‘ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ရေးနှင့် လူမှုရေးဆိုင်ရာ တာဝန်ယူမှုများကို တိုက်တွန်းသည်’ ဟု ကုမ္ပဏီက ပြန်လည်ဖြေကြားသည်။ လက်အောက်ခံ ကုမ္ပဏီတစ်ခုချင်းစီသည် ‘သီးခြားလွတ်လပ်သော တရားဝင်ကုမ္ပဏီတစ်ခုစီ ဖြစ်ကြသော်လည်း’ REGCC အနေနှင့် Global Witness ၏ တွေ့ရှိချက်များကို အလေးအနက်ထားသည်ဟု ဆိုသည်။ ‘၎င်းတို့အုပ်စု၏ လက်အောက်ခံကုမ္ပဏီများအနေနှင့် စံချိန်စံညွှန်းများနှင့်အညီ ပိုမိုထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုများနှင့် သုတေသနများကို အတွင်းကျကျလုပ်ဆောင်ကာ အထူးစည်းမျဉ်းထိန်းချုပ်ရေးအစီအမံများ ခိုင်မာစေရေးအတွက် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်’ ဟုလည်း ထပ်ဆောင်းပြောကြားသည်။
သန့်စင်ပြီးသော HREE ပမာဏအများအပြားကို အမြဲတမ်းသံလိုက်များထုတ်လုပ်ရာတွင် အသုံးပြုသည်။ မြေရှားသတ္တုသံလိုက်အများစု (ခန့်မှန်းချက်တစ်ခုအရ ၉၂ ရာခိုင်နှုန်း) ကို တရုတ်နိုင်ငံတွင် ထုတ်လုပ်သည်။ REGCC နှင့် မြေရှားသတ္တုပေးသွင်းရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားသည့် သံလိုက်လုပ်ငန်းနှစ်ခုတို့မှာ JL Mag Rare Earth နှင့် Yantai Zhenghai Magnetic Material (ZH Mag ဟုလည်း သိကြသည်) တို့ ဖြစ်သည်။ ယင်းလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ အရေးပါသော လုပ်ငန်းကြီးများဖြစ်ကြသည်။
JL Mag ကုမ္ပဏီ၏ စာရွက်စာတမ်းများတွင် ၎င်းတို့၏ နာမည်ကျော် ဖောက်သည်လုပ်ငန်းကြီးများဖြစ်ကြသော လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကြီးများဖြစ်သည့် Tesla နှင့် Volkswagen တို့နှင့်တကွ အရေးပါသော လေရဟတ်ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သည့် Siemens Gamesa နှင့် Goldwind တို့အကြောင်းကို ဂုဏ်ယူစွာ ဖော်ပြထားသည်ကို တွေ့ရသည်။ Global Witness က ခွဲခြမ်းစိတ်ဖြာခဲ့သည့် ကုန်သွယ်ရေးအချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် JL Mag သည် San Francisco မြို့အပြင်ဘက်ရှိ Tesla ၏ Freemont စက်ရုံသို့ အမြဲတမ်းသံလိုက်များကို အကြိမ်ရေများပြားစွာ ပို့ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
Global Witness က ဆက်သွယ်ခဲ့ရာတွင် ၎င်းတို့အနေနှင့် မြန်မာနိုင်ငံမှ HREE ကို ‘တိုက်ရိုက်ဖြစ်စေ၊ ကုန်ပစ္စည်းပေးသွင်းသူများမှတစ်ဆင့်ဖြစ်စေ၊ အခြားမည်သည့်နည်းလမ်းတို့ဖြင့်ဖြစ်စေ’ ဝယ်ယူခဲ့ခြင်းမရှိဟု JL Mag က ငြင်းဆိုခဲ့သည်။ ၎င်းတို့အနေနှင့် HREE ကို REGCC ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော China Southern Rare Earth Group ထံမှသာ ဝယ်ယူကြောင်းအပြင် ၎င်းတို့၏ ကုန်ပစ္စည်းပေးသွင်းသူအား ‘၁၀၀ ရာခိုင်နှုန်းသော လေးလံမြေရှားသတ္တုများကို ရီဆိုင်ကယ်ပြုလုပ်ခြင်းမှ ရရှိခြင်းဖြစ်ကြောင်း အာမခံရန်နှင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ မပါဝင်ရန်’ ပန်ကြားထားသည်ဟု ဆိုသည်။ China Southern Rare Earth Group သည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ခြင်းအကြောင်း Global Witness ၏ ၂၀၂၂ ခုနှစ် စုံစမ်းဖော်ထုတ်မှုတွင် အမည်ထည့်သွင်းဖော်ပြခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။ ‘ရေရှည်တည်တံ့သော ကုန်ပစ္စည်းပေးသွင်းသူ ဖွံ့ဖြိုးရေးဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများ’ တွင် ဖော်ပြထားသည့်အတိုင်း ကုန်ပစ္စည်းပေးသွင်းသူများအားလုံးနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လေ့လာမှုများကို အားစိုက်လုပ်ဆောင်သည်ဟု JL Mag က ထပ်လောင်းပြောကြားသည်။
ZH Mag ကမူ ၎င်းတို့အနေနှင့် Volkswagen, Toyota, Nissan, Ford နှင့် Hyundai စသည့် ကားထုတ်လုပ်ရေးလုပ်ငန်းများအပြင် ဂျာမဏီနိုင်ငံ၏ Brose ကဲ့သို့သော မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့်လုပ်ငန်းများထံ သံလိုက်များ ရောင်းချပေးသွင်းခဲ့ကြောင်း ၂၀၂၁ ခုနှစ် နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့၏ ဖောက်သည်များစာရင်းတွင် ဥရောပ၏ လေအားလျှပ်စစ်ကုမ္ပဏီများဖြစ်သော Siemens Gamesa နှင့် Vestas တို့ကိုလည်း ဖော်ပြထားသည်။ ကုန်ပစ္စည်းပေးပို့မှု မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်အတွင်းက ZH Mag သည် အရေးပါသော မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Nidec အတွက် ကုန်ပစ္စည်းပေးသွင်းသူ ဖြစ်ခဲ့သည်ကိုလည်း တွေ့ရသည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ်နှင့် လေရဟတ်လုပ်ငန်းများက ဝယ်ယူခဲ့ကြသော အမြဲတမ်းသံလိုက်များတွင် မြန်မာနိုင်ငံမှ လေးလံမြေရှားသတ္တုများ မုချပါဝင်နေကြောင်း ပြည့်စုံခိုင်လုံသည့် အထောက်အထားများကို Global Witness အနေနှင့် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ သို့ရာတွင် ရှိနေသော ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ဆက်နွှယ်မှုများအရ နာမည်ကြီး ကုမ္ပဏီအများအပြားတို့အနေနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ပဋိပက္ခကို ငွေကြေးပံ့ပိုးမိနိုင်သော အန္တရာယ်များကို စိုးရိမ်ပူပန်သင့်ပါသည်။ ကုမ္ပဏီများအနေနှင့် တရားဥပဒေ၊ ကျင့်ဝတ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာစေရန် ၎င်းတို့၏ ထုတ်လုပ်ရေးလမ်းကြောင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း စသည်တို့အတွက် သင့်လျော်သည့် လုံ့လစိုက်ထုတ်မှုများကို အထူးဂရုပြုလုပ်ဆောင်သင့်ပါသည်။
Global Witness အနေနှင့် ဤအစီရင်ခံစာတွင် ဖော်ပြထားသည့် ထုတ်လုပ်ရေးလမ်းကြောင်း၏ နောက်ပိုင်းရှိ ကုမ္ပဏီအားလုံးတို့အား စာရေးသားပေးပို့ကာ မှတ်ချက်တောင်းခံခဲ့သော်လည်း အများစုက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ ဖြေကြားခဲ့သည့် ကုမ္ပဏီများအနက် Brose က “ကျွန်ုပ်တို့၏ ထုတ်ကုန်များတွင် မြန်မာနိုင်ငံမှ ဝယ်ယူသော မည်သည့်မြေရှားသတ္တုမျှ ပါဝင်ခြင်းမရှိကြောင်း အတည်ပြုပါသည်။ Brose Group သည် လက်ရှိတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် မည်သည့်ကုန်ပစ္စည်းပေးသွင်းမှုဆက်ဆံရေးမျှ မရှိပါ” ဟု ဆိုသည်။ Nissan ကလည်း “ကျွန်ုပ်တို့၏ ထုတ်လုပ်ရေးလမ်းကြောင်းအတွင်း ပွင့်လင်းမြင်သာမှုနှင့် နောက်ကြောင်းစိစစ်နိုင်မှုတို့ကို မြှင့်တင်ရန် ကုန်ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများအပါအဝင် စီးပွားရေးမိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကျွန်ုပ်တို့အနေနှင့် ကတိကဝတ်ပြုထားပါသည်” ဟု ဆိုသည်။ Toyota ကမူ “ကျွန်ုပ်တို့အနေနှင့် ယေဘုယျအားဖြင့် ရေရှည်တည်တံ့ခြင်းမရှိသော တူးဖော်ရေး အလေ့အထများနှင့် မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုတို့ကိုမဆို ဆန့်ကျင်သည်။ သို့ရာတွင် တာဘီယမ်နှင့် ဒိုင်စပရိုဆီယမ်တို့ကဲ့သို့သော လေးလံမြေရှားသတ္တုတူးဖော်မှုများသည် အချို့သော သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်ကောင်းဆက်စပ်နေနိုင်သည်ဟူသည့် စိုးရိန်ပူပန်မှုများ ကြီးထွားလာလျက်ရှိသည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်” ဟု ဆိုကာ ယင်းကို ကုမ္ပဏီ၏ ရေရှည်တည်တံ့သော ဝယ်ယူရေးလမ်းညွှန်ချက်များအတွင်း ထင်ဟပ်ဖော်ပြထားပြီးဖြစ်သည်ဟု ဖြည့်စွက်ပြောကြားသည်။ ၎င်းတို့အနေနှင့် Global Witness ၏ ပြောဆိုချက်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး အကယ်၍ လိုအပ်ပါက ကုန်ပစ္စည်းပေးသွင်းသူများအား “ပြုပြင်မွမ်းမံရေး လုပ်ဆောင်ချက်များ ဆောင်ရွက်ရန်” တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ထပ်ဆောင်းပြောကြားသည်။
ထုတ်လုပ်ရေးလမ်းကြောင်း၏ နောက်ပိုင်းရှိ ကုမ္ပဏီများအကြား တူညီသည့် ပြောကြားချက်တစ်ခုမှာ ၎င်းတို့၏ သံလိုက်များသည် ထုတ်ကုန်အဟောင်းများကို ပြန်လည်အသုံးပြုမှု ‘ရီဆိုင်ကယ်ပြုလုပ်ခြင်း’ ဖြင့် ရရှိသည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ ဝုဒ်မက္ကင်ဇီ(Wood Mackenzie) ကမူ “ရီဆိုင်ကယ် ကုန်ကြမ်းအများစုတို့သည် ထုတ်ကုန်အဟောင်းများမှ ထုတ်ယူခြင်းမျိုးမဟုတ်ဘဲ သတ္တုအစအနများ (သံလိုက်ထုတ်လုပ်ရာတွင် ထွက်ပေါ်လာသည့် ဖြတ်စများ၊ အမှုန်များ)မှ ရယူခြင်းဖြစ်သည်” ဟု ဆိုသည်။ ထိုသို့သော ‘ရီဆိုင်ကယ်ပြုလုပ်ခြင်း’ သည် မြေရှားသတ္တုများကို မြန်မာနိုင်ငံထံမှ ရယူနိုင်ခြေအား လျှော့ချနိုင်မည်မဟုတ်သလို ထုတ်လုပ်ရေးလမ်းကြောင်းရှိ ရေရှည်တည်တံ့ရေးဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။
အနာဂတ်ကို မျှော်ကြည့်ခြင်း
၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် HREE အပေါ် ကမ္ဘာကြီး၏ မှီခိုအားထားရမှုအခြေအနေမှာ ပေါ်လွင်လာခဲ့သည်။ ကိုရိုနာကပ်ရောဂါနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုများကြောင့် မြန်မာနယ်စပ်ကို တရုတ်နိုင်ငံက ပိတ်လိုက်သည့်အခါ HREE ထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး စျေးနှုန်းများ ထောင်တက်သွားစေခဲ့သလို မြေရှားသတ္တုလုပ်ငန်းနယ်ပယ်အတွင်း ဂယက်ရိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ HREE ထောက်ပံ့မှုကွင်းဆက်များ၏ လုံခြုံရေးနှင့်ပတ်သက်သော ဆွေးနွေးမှုများလည်း နိုင်ငံတကာတွင် ပေါ်ပေါက်လာစေခဲ့သည်။
အဆိုပါ စိုးရိမ်ပူပန်မှုများမှာ သဘာဝကျပါသည်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးစေရုံသာမကဘဲ နိုင်ငံရေးမတည်ငြိမ်မှု မြင့်မားနေသည့် အခြေအနေအတွင်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့ပြင် ဤသို့ ဝေးလံပြီး ရှုပ်ထွေးသော ဒေသတစ်ခုအတွင်း သင့်လျော်သည့် ဘူမိဗေဒဆိုင်ရာမြေပုံဟူ၍ မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်များတွင် မည်မျှကျန်ရှိနေသေးကြောင်း သို့မဟုတ် မည်မျှလျင်မြန်စွာ ကုန်ခန်းလျက်ရှိကြောင်းကို မည်သူမျှမသိနိုင်ပေ။
ထိုသို့သော မရေရာမှုများ ရှိနေသည်ဖြစ်ရာ တရုတ်ကုမ္ပဏီများအနေနှင့် အစားထိုး အရင်းအမြစ်များရရှိနိုင်ရန်အတွက် လာအိုနှင့် မလေးရှားနိုင်ငံတို့တွင် စတင်လုပ်ဆောင်လာကြသည်။ အဆိုပါ နှစ်နိုင်ငံစလုံးမှ HREE တင်သွင်းမှုများကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော်လည်း စုစုပေါင်းပမာဏသည် မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံများသည် ပြန်လည်အသုံးပြုမှု ‘ရီဆိုင်ကယ်စနစ်များ’ကို မြှင့်တင်ရန်နှင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဘရာဇီးတို့ကဲ့သို့သော နိုင်ငံများတွင် မြေရှားသတ္တုတွင်းများ ဖော်ဆောင်ရန်တို့ကို တွန်းအားပေးလာကြသည်။ တရုတ်နိုင်ငံက ထိန်းချုပ်ထားသော HREE ထုတ်လုပ်ရေးလမ်းကြောင်းများအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန်ဖြစ်သည်။ သို့သော် အဆိုပါ စီမံကိန်းအများစုတို့မှာ အခြေတည်စအဆင့်တွင်သာ ရှိနေပါသေးသည်။ ထို့အပြင် ရေရှည်ပိုမိုတည်တံ့သော အရင်းမြစ်များ ဖော်ဆောင်ပါက HREE ကို ပိုမိုမြင့်မားသည့် စျေးနှုန်းများဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းနယ်ပယ်ကို ကျွမ်းကျင်နှံ့စပ်သူတစ်ဦးက သတိပေးသည်။
ကုန်ပစ္စည်းပေးသွင်းမှု အတားအဆီးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြီးထွားလာသည်နှင့်အမျှ Tesla နှင့် General Motors တို့အပါအဝင် အနောက်နိုင်ငံမှ အချို့သော ကုမ္ပဏီကြီးများအနေနှင့် HREE အပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်မည့် နည်းပညာများ ထွက်ပေါ်လာနိုင်ရေး ရည်သန်လာကြသည်။ သို့သော်လည်း HREE သည် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အကျိုးကြီးမားစေသည်ဖြစ်ရာ ဝယ်လိုအားမှာလည်း ဆက်လက်ကြီးထွားနေဦးမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းသည်။
မြန်မာနိုင်ငံရှိ စည်းကမ်းမဲ့ တူးဖော်မှုများအနေနှင့် ဤဝယ်လိုအားကို အမြဲတစေ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။
“ပန်ဝါတစ်ဝိုက်မှာရှိတဲ့ တူးဖော်မှုအများစုကတော့ လက်စသတ်နေကြပြီ။ အခု အဲဒီမှာ တူးဖော်ရေးတွေ သိပ်အများကြီး မရှိတော့ဘူး’ ဟု သတ္တုတွင်းလုပ်သားဟောင်းတစ်ဦးကဆိုသည်။ အခြားသူများကလည်း ယင်းသို့်ပင် ပြောဆိုကြသည်။
အကယ်၍ လက်ရှိခြေအနေများကို မပြောင်းလဲပါက အဖိုးတန်သယံဇာတများ ကုန်းခန်းရပါလိမ့်မည်။ ပြီးလျှင် အဆိပ်သင့်သတ္တုမိုင်းတွင်းများသည် မတို့မထိရသေးသော နယ်မြေသစ်များဆီသို့ ထပ်မံချဲ့ထွင်လာပါလိမ့်မည်။ အကြီးအကျယ်ပျက်စီးသွားခဲ့သော တောတောင်ရေမြေများကို ပြန်လည်ထိန်းသိမ်းသည့် အစီအစဉ်မရှိပါက ဒေသခံလူ့အဖွဲ့အစည်းအတွက် အမွေအနှစ်ချန်ထားခဲ့နိုင်ရန် မျှော်လင့်ချက်လည်း မရှိဖြစ်ကာ ၎င်းတို့၏ အနာဂတ်မှာ မှုန်ဝါးနေပါလိမ့်မည်။
“သတ္တုတွင်း လုပ်ကွက်ဟောင်းတွေကို ဒီတိုင်းပဲ ထားခဲ့ကြတယ်” ဟု နောနော်က ဆိုသည်။ “အဆောက်အအုံ အဟောင်းတွေ၊ ပိုက်တွေ၊ ပလပ်စတစ်တွေ အကုန်လုံးကို အမှိုက်ပုံအတိုင်းပဲ ထားခဲ့ကြတယ်”
“တကယ်လို့ တွင်းထွက်ပစ္စည်းတွေ ကုန်သွားပြီဆိုရင် လူတွေက ဘာနဲ့ လုပ်စားကြမလဲ” ဟု သူက မေးခွန်းထုတ်သည်။ “အဲဒီမှာ ဘာမှလည်း စိုက်လို့ မရတော့ဘူး”
Contact
-
Sophie Marsden
Senior Communications Advisor - Transition Minerals